Tuesday, July 29, 2008

မသက်ဆိုင်သူ

wishing

နံနက်ခင်း
အခုနေသာ
ငါ.....လိပ်ပြာလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းအနားကို ရုတ်ခနဲလာမိမှာပဲ
မင်းချစ်တဲ့သူဆီ phone ဆက်နေတာကို
ငါ မြင်ချင်လို့ပါ.......

နေ့လည်
အခုနေသာ
ငါ.....ပုစဉ်းလေးတစ်ကောင်ဖြစ်လို့ရရင်
မင်းနံဘေးကို ဝေ့ကနဲလာမိမှာပဲ
မင်းကောင်မလေးနဲ့ စကားတင်းဆိုနေတာကို
ငါ ငေးကြည့်ရုံသက်သက်ပါ.......

ညဥ့်ဦးယံ
အခုနေသာ
ငါ.....ပိုးစုန်းကြူးတစ်ကောင်ဖြစ်လို့ရရင်
မင်းအပါးကို လှစ်ခနဲလာမိမှာပဲ
မင်းရဲ့ချစ်လှပါတယ်ဆိုတဲ့
ချစ်သူအကြောင်းတွေးနေတာကို
ငါ လာကြည့်ချင်လို့ပါ.......

ညလယ်
အခုနေသာ
ငါဟာ......လေညှင်းလေးဖြစ်လို့ရရင်
မင်းထံပါးကို........
မင်းသူမအကြောင်း အိပ်မက်မက်နေတာကို
ငါ ထိုင်ကြည့်ရုံသက်သက်ပါ.......

Monday, July 28, 2008

ကျေးဇူးပြု၍.....

အိပ်မက်ထဲတောင် ပါခွင့်မရရင်
ငါ့ရာဇ၀င်ကို ပြောင်းပြန်လှန်ပစ်လိုက်မယ်
အဲဒီအရောင်တွေ နောက်က
အဖြူရောင်ရှိလားပဲသိချင်တာ.....

အခါးတ၀က် အချိုတ၀က်လာမလုပ်နဲ့
ဆရာကျလွန်းမှန်းသိတယ်
ဗေဒင်သွားမေးစရာမလိုဘူး
ရိုးသားတဲ့ တပည့်ဖြစ်ခဲ့လားပဲ သိချင်တာ.......

လိုအပ်လို့ ရီစရာလုပ်တာလား
ဗီဇကိုကပါလို့လား
ငါ့ဇာတ်ခုံပေါ်တော့ ပျက်လုံးလာထုတ်တာရှောင်ပါ
ငါ့ဇာတ်လမ်းမှာ ငါပဲ မင်းသမီးဖြစ်ချင်လို့ပါ ။ ။

၃ နဲ့ ၎

(p.s) ဒါကလည်း မစန္ဒာရဲ့ဝတ္ထုထဲက ဇါတ်ကောင်ဖြစ်သွားသလို...

Sunday, July 27, 2008

ဧည့်သည်

ဧည့်သည်ဆိုတာ ခဏတာပဲတည်းခွင့်ရသူပါ
အချိန်တန်ရင် အိမ်ကိုပြန်ရသတဲ့
အိမ်ရှင်မှ မဟုတ်တာဘဲလေ.........

ဧည့်သည်.......
အလည်သာလာပါ
ရက်စက်ခါးသီးမှုတွေ ချန်မထားခဲ့ပါနဲ့
အိမ်ရှင်အတွက်ကောင်းမွန်တဲ့လက်ဆောင် မပါရင်တောင်မှ......

အခိုက်အတန့် လာမယ့်သူရေ........
မင်းယူလာမယ့် ကံကောင်းခြင်းလက်ဆောင်အတွက်
ပေးဖို့ မထိုက်တန်ရင်တောင်မှ
ပြန်ချိန်တန်ရင် လှည့်ပြန်သွားပါ
နောက်တစ်ခေါက် လာမလည်ခင်အထိ
အိမ်ရှင်က ဧည့်ဝတ်ကျေစေရပါမယ်လေ

(p.s) ဒီကဗျာက မစန္ဒာရဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကြိုက်လို့ပြန်ခံစားထားတာပါ
ကဗျာစာအုပ်လေးကို ဖတ်ဖူးတဲ့သူဆို စာပိုဒ်တစ်ပိုဒ်ကျန်ခဲ့တာလားလို့
တွေးနိုင်လောက်တယ်နော်
ခု blog မှာပြန်တင်တဲ့အခါ မနှစ်သက်တော့လို့ တမင်ဖြုတ်ခဲ့တာပါ...

ဝန်ခံခြင်း

ဆုံတွေ့ခဲ့ရတာက အမှတ်မထင်ဆိုပေမယ့်
ကွာဝေးရပြီဆိုတော့ မှတ်မှတ်ရရပဲ။
ဘယ်သူက ဘယ်သူ့ကို
စပြီး လှည့်စားခဲ့တာလဲ?
ဒါတွေငါမသိဘူး..........
ငါသိတဲ့ အချိန်မှာ
မင်းနဲ့ငါက သိပ်ကို ကွာခြားခဲ့ပြီပဲ။
ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရရင်
ပြန်မရနိုင်တဲ့ အတိတ်တစ်ချိန်ကို
ငါပြန်ရောက်ချင်တယ်။
သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေစစ်သလို
ဘယ်အချိန်ကစပြီး
မင်းနဲ့ငါ ဝေးခဲ့တယ်ဆိုတာကို
ပြန်ကြည့်ချင်ပါရဲ့။
မဖြစ်နိုင်တာကို တမ်းတနေတာ
ရူးမိုက်တာပဲ ဆိုရင်
ငါ ရိုးသားစွာ ၀န်ခံမယ်
ငါ မင်းအတွက် ရူးသွပ်ခဲ့ရပြီလေ ။ ။
Leo
(p.s) ဒါက Leo နက္ခတ်မလေးရဲ့ လက်ရာ

Saturday, July 26, 2008

ကျေးဇူးတင်ပါတယ်...

Epiphyllum



Epiphyllum ပန်းဟာ တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ၄.၅ နာရီသာ ကြာမြင့်တဲ့ပန်းမျိုးဖြစ်တယ်....တစ်သက်မှာ တစ်ခါသာ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး....ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တ္တိကိုပဲ သူထုတ်ပြခဲ့တယ်.......

* ကိုယ်တကယ်ချစ်တဲ့သူနဲ့ ဆုံရတဲ့အခါ ...သူနဲ့တစ်သက်တာ လက်တွဲနိုင်ဖို့ ကြိုးစားပါ....သူမရှိတော့ရင် အရာအားလုံးနှောင်းသွား လိမ့်မယ်

* ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင် နိုင်ဖို့ ကြိုးစားပါ....ဘ၀တစ်လျှောက်မှာ ကိုယ့်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ဆုံဖို့ ဆိုတာ မလွယ်လှဘူး

* ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ....သူဟာကိုယ့်ဘ၀ကို လှည့်ပြောင်းပေးသူ ဖြစ်လို့ပါပဲ

* ကိုယ်ချစ်ခဲ့ဖူးတဲ့သူနဲ့ဆုံတဲ့အခါ ပြုံးပြပြီးကျေးဇူးတင်ကြောင်းပြောပြပါ......သူ့ကြောင့်အချစ်ကို ပိုနားလည်ခဲ့လို့ပါပဲ

* ကိုယ်မုန်းခဲ့ဖူးတဲ့သူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ......သူ့ကြောင့်ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ

* ကိုယ်နဲ့အတူနေနေတဲ့ ကိုယ့်ကိုအဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ.....သူ့ကြောင့် ပျော်ရွှင်ကြည်နူးတဲ့ ချစ်ခြင်းမေတ္တာတွေ ကိုယ်ရနေလို့ပါပဲ

* ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ......သူ့ကြောင့်လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ

* ကိုယ်တိတ်တခိုးချစ်ခဲ့သူနဲ့ဆုံတဲ့အခါ သူပျော်ရွှင်ဖို့တောင်းဆုပြုပါ......သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ

* ကိုယ့်ကိုထားခဲ့တဲ့လူနဲ့ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ.....ကိုယ့်ဘ၀မှာ အမှတ်တရ ခြေရာလေး တွေ ထင်ကျန်အောင် သူနင်းလျှောက်ခဲ့လို့ပါ

တစ်ခါပဲ ဖြစ်ခွင့်ရတဲ့ဘ၀မှာ လုပ်ခွင့်ရတဲ့အခွင့်အရေးဟာလည်း တစ်ခါပဲရှိတယ်.......




(p.s) Forward mail ထဲက ရထားတာလေးကို ပြန်တင်လိုက်တာပါ.....ပန်းရဲ့ မူလပေါက်ဖွားရာဒေသက central and south Africa ..ပြီးတော့ Mexico ပါတဲ့... ဂရိဘာသာနဲ့epiphyllum =upon the leaf ပါ ..ညကျမှ ပွင့်လို့ 'Queen of the night' လို့လည်းတင်စား ကြပါတယ်...ခုနောက်ဆုံးပေါ်နည်းများနဲ့ စနစ်တကျ ပြု့စုပျိုးထောင်ထားတဲ့ပန်းကတော့ ပွင့်ပြီး ၂ ရက်လောက် ခံတယ်လို့ သိရပါတယ်...ရေခဲသေတ္တာထဲမှာ ထိန်းသိမ်းရင်တော့ ၁ လ ထိခံတယ်လို့ဆိုပါတယ်ရှင်..အထက်ကပုံစံလေးက 'follow your heart' တဲ့ ပန်းရောင်ပန်း ပုံစံကိုတော့ 'hidden love'လို့ ခေါ်ပါတယ်တဲ့..

Friday, July 25, 2008

မွေးနေ့ လက်ဆောင်....



ဒီနေ့ 25 ရက်..July ဆိုတဲ့ 6 လ မြောက်ရာသီစက်ဝန်းမှာ..ကျရောက်တဲ့
သူငယ်ချင်းတစ်ယောက်ရဲ့
မွေးနေ့ အတွက်ပါ..Capricorn အကြိုက်ဆုံး
သီချင်းတစ်ပုဒ်ပေါ့...'လာခြင်းကောင်းသော လူလေးဖြစ်ပါစေ'...
အခြားသောမွေးနေ့ရှင်များလည်း

စိတ်ချမ်းသာစွာ အိပ်မက်တွေကို ထုဆစ်ပုံဖော်နိုင်ပါစေလို့.... :)