Showing posts with label နက္ခတ်တို့ရဲ့ဆုံမှတ်. Show all posts
Showing posts with label နက္ခတ်တို့ရဲ့ဆုံမှတ်. Show all posts

Saturday, December 13, 2008

ဘာကိုစောဒကတက်နေရမလဲ
အယူခံ ၀င်ခွင့်တောင်မရတဲ့
ဒီအမှုမှာ.....

စီရင်ချက်ချပြီးတာတောင်
အိပ်မက် မက်ကောင်းတုန်း
ငါ့ဘက်ကလိုက်ပေးမဲ့ ရှေ့နေမရှိခဲ့ဘူးဘဲ...

တရားသူကြီး ကိုယ်တိုင်
တစ်ချက်လွှတ် ဆုံးဖြတ်ခဲ့တာလေ
ငြင်းချက်ထုတ်မှာစိုးလို့
မေးခွန်းတောင် မမေးခဲ့ဘူးတဲ့

ဘယ်လောက်ရယ်ဖို့ ကောင်းသလဲကွယ်
တရားလိုကနေ တရားခံဖြစ်သွားရပြီ
ဒီအမ့မှာ ဓါးစာခံလိုက်ရတာက နားတစ်ဖက်....

ကိုယ်မကျူးလွန်ရတဲ့ အမှု့အတွက်
ရလိုက်တဲ့ ပြစ်ဒါဏ်က
" နှလုံးသား" ကိုအဆုံးစီရင်ရန်တဲ့

ဘာပဲဖြစိဖြစ်လေ
ဘာမှမရှိတော့ရင်တောင်
လတစ်ခြမ်းတော့ ကျန်ပါသေးတယ်

Monday, November 17, 2008

ဧဒင်ဥယျာဉ်မှာတော့ ပန်းတွေပွင့်နေလေရဲ့
ပြာသိုရဲ့ကန္တာရမှာတော့ Oasis တောင်မရှိဘူး
ကောင်းကင်နဲ့မြေကြီး ဆုံးဖြတ်ချက်အတိုင်း
ကြယ်တွေ မကြွေရဘူးတဲ့လား
ဒါဆို အလင်းတန်းတွေကဘယ်သူ့ဆီကလဲ!
ကိုယ့်ကိုကိုယ်စတေးမယ်ဆိုရင်တောင်
ဘယ်စွမ်းအားရှင်ကမှ တားတော့မှာမဟုတ်ဘူး
ကုန်သွားမဲ့ချောကလက်ကမှ နှမျောစရာကြီး....

ကမ္ဘာမြေပြင်က ကြယ်တစ်ပွင့်
ကောင်းကင်ဆီတက်ချင်တယ်
အဲဒီအတွက် အရာရာကိုစွန့်လွှတ်ရမယ်
မက်မောစရာ အပ်ချည်မျှင်တောင်မပါသင့်ဘူး
အာဒမ်နဲ့ဧ၀အတွက် ထားခဲ့ပါ့မယ်

အဲဒီတစ်ချိန်မှာ
အားလုံး ကောင်းကင်မှာအလင်းတန်းတစ်ခု
မြင်ကြရမယ်
အဲဒီကျမှ တမ်းတမနေပါနဲ့တော့
ပေးဆပ်စရာရှိတာ ပေးဆပ်ခဲ့ပြီးပြီပဲ....
လိုမယ်ထင်တာ ချန်ထားခဲ့ပြီးပြီပဲ....
ယူချင်တဲ့အရာ ထားခဲ့ပြီးပြီပဲ....

အလွယ်တကူရပေမဲ့
တန်ဖိုးတော့ ထားစေချင်တယ်
ဘာလို့လဲဆိုတော့
အချစ်ဆိုတာ... သူလဲခံစားဖူးတယ်လေ

Saturday, October 25, 2008

ငါ့ရင်ဘတ်ထဲမှာ မင်း.....
ပန်းတစ်ခင်းပျိုးခဲ့တယ်
ရောင်စုံပန်းတွေ ပွင့်ပါစေတဲ့

ငါကိုယ်တိုင်လည်း
ဆက်လက်ပျိုးနေမိတာပါပဲ

ပန်းပျိုးခဲ့တဲ့ သူရေ
မင်းလက်နဲ့ လာရိတ်သိမ်းလှည့်ပါဦး
ပန်းတွေတောင် လာရာလမ်းပြန်တော့မယ်

ကိုယ်တိုင် ရိတ်သိမ်းလို့မနိုင်တဲ့အတွက်
ပန်းပျိုးသူကို ရှာမိတယ်
ဟိုးဝေးဝေးတစ်နေရာမှာ....

အခြားသူရဲ့ရင်ဘတ်ထဲမှာ
မင်းပန်းတွေပျိုးပေးနေပါရော့လား
မင်းကတော့ မင်းလမ်းမင်းသွားနေလေရဲ့
နောက်ပြန်လှည့်ဖို့တောင် စိတ်ကူးမရှိဘူး...

ငါ့လက်ထဲမှာတော့
ပန်းတစ်ဆုပ်စာနဲ့ ထိုင်ငိုင်....
ပျိုးခင်းတစ်ခုလုံးရိတ်သိမ်းဖို့ရာ
မတတ်နိုင်တော့ပါဘူး....

အခုတော့
ပန်းတွေလည်း မြေခလို့.....
ဒီနေ၀င်သွားချိန်မှာ.....

ပန်းပျိုးမဲ့သူကို ကမ္ဘာတစ်ပါတ်စာမျှော်ရဦးမယ်
နောက်တစ်ခါ ပန်းပျိုးချိန်ရောက်ရင်တော့
ရောက်လာမဲ့သူက မင်းပဲလားဆိုတာ.....

Sunday, July 27, 2008

ဧည့်သည်

ဧည့်သည်ဆိုတာ ခဏတာပဲတည်းခွင့်ရသူပါ
အချိန်တန်ရင် အိမ်ကိုပြန်ရသတဲ့
အိမ်ရှင်မှ မဟုတ်တာဘဲလေ.........

ဧည့်သည်.......
အလည်သာလာပါ
ရက်စက်ခါးသီးမှုတွေ ချန်မထားခဲ့ပါနဲ့
အိမ်ရှင်အတွက်ကောင်းမွန်တဲ့လက်ဆောင် မပါရင်တောင်မှ......

အခိုက်အတန့် လာမယ့်သူရေ........
မင်းယူလာမယ့် ကံကောင်းခြင်းလက်ဆောင်အတွက်
ပေးဖို့ မထိုက်တန်ရင်တောင်မှ
ပြန်ချိန်တန်ရင် လှည့်ပြန်သွားပါ
နောက်တစ်ခေါက် လာမလည်ခင်အထိ
အိမ်ရှင်က ဧည့်ဝတ်ကျေစေရပါမယ်လေ

(p.s) ဒီကဗျာက မစန္ဒာရဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကြိုက်လို့ပြန်ခံစားထားတာပါ
ကဗျာစာအုပ်လေးကို ဖတ်ဖူးတဲ့သူဆို စာပိုဒ်တစ်ပိုဒ်ကျန်ခဲ့တာလားလို့
တွေးနိုင်လောက်တယ်နော်
ခု blog မှာပြန်တင်တဲ့အခါ မနှစ်သက်တော့လို့ တမင်ဖြုတ်ခဲ့တာပါ...

ဝန်ခံခြင်း

ဆုံတွေ့ခဲ့ရတာက အမှတ်မထင်ဆိုပေမယ့်
ကွာဝေးရပြီဆိုတော့ မှတ်မှတ်ရရပဲ။
ဘယ်သူက ဘယ်သူ့ကို
စပြီး လှည့်စားခဲ့တာလဲ?
ဒါတွေငါမသိဘူး..........
ငါသိတဲ့ အချိန်မှာ
မင်းနဲ့ငါက သိပ်ကို ကွာခြားခဲ့ပြီပဲ။
ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရရင်
ပြန်မရနိုင်တဲ့ အတိတ်တစ်ချိန်ကို
ငါပြန်ရောက်ချင်တယ်။
သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေစစ်သလို
ဘယ်အချိန်ကစပြီး
မင်းနဲ့ငါ ဝေးခဲ့တယ်ဆိုတာကို
ပြန်ကြည့်ချင်ပါရဲ့။
မဖြစ်နိုင်တာကို တမ်းတနေတာ
ရူးမိုက်တာပဲ ဆိုရင်
ငါ ရိုးသားစွာ ၀န်ခံမယ်
ငါ မင်းအတွက် ရူးသွပ်ခဲ့ရပြီလေ ။ ။
Leo
(p.s) ဒါက Leo နက္ခတ်မလေးရဲ့ လက်ရာ

Tuesday, July 22, 2008

အနိုင် = အရှုံး

“ပိုင်ရှင်ရှိသည်” လို့
ဆိုင်းဘုတ်ဆွဲထားတဲ့ အရာကိုမှ
သွားရင်ခုန်မိတဲ့ အဖြစ်....

အရိပ်ကို လိုချင်ရုံသက်သက်နဲ့တော့
သစ်ပင်ကို ခုတ်ပစ်ဖို့
မလိုအပ်ပါဘူး

ရယူခြင်းနဲ့ ပေးဆပ်ခြင်းကို
တစ်ဘက် (၁၁) ယောက်နဲ့ကစားခိုင်းလိုက်တယ်
ပွဲကတော့ ကောင်းခဲ့ပါရဲ့
ဒါပေမယ့်
“သတ်မှတ်ချိန်” နဲ့ “ဒိုင်လူကြီး”
မေ့ကျန်ရစ်ခဲ့တယ်

လမ်းသစ်ကိုဖောက်ခဲ့ကာမှ
ပင်လယ်နဲ့လာတွေ့နေတယ်
အလွမ်းဆိုတဲ့
မိုးစက်တွေမကျခင်
နွေဦးကိုနောက်ပြန်လှည့်ပစ်လိုက်မယ်

Gemini
(p.s) ဒါက နက္ခတ်မလေး Gemini ရဲ့လက်ရာ
ပုံပြင်လေးတစ်ပုဒ် နားထောင်လိုက်ရတယ်
ပုံပြင်ပါဆိုမှ
နားထောင်လို့တော့ သိပ်ကောင်းတာပေါ့........

ဟိုးရှေးရှေးတုန်းကပေါ့ လို့တော့
အစမချီပါဘူး
တစ်ထောင့်တစ်ညလိုလည်း မကြာပါဘူး
နားနဲ့ကြားလိုက်တော့
ယုံချင်သေးတာ..........

ပုံပြင်ကလည်း အဆုံးမသတ်သေးပါဘူး
ပုံပြောသူက ရပ်ထားလို့လေ
အဲဒီတော့မှ ပုံပြောနေပါလားဆိုတာရိပ်မိတယ်......

ပုံပြောကောင်းသူတစ်ယောက်ပေါ့
တစ်ခါတုန်းက ရှိခဲ့တယ်.......

Monday, July 21, 2008

ငါဟာ သစ်ရွက်တစ်ရွက်ဖြစ်ခဲ့တုန်းက
သူ့ရဲ့အရှေ့မှာ ဝေ့၀ဲကျလိုတယ်
သစ်ရွက်သိက္ခာ မစောင့်ထိန်းဘဲ
မာနသစ်ပင်ကနေ ငါခွာခဲ့ပေါ့
ခြောက်သွေ့သွေ့ ရော်ရွက်ဝါဖြစ်ဖို့လည်း
နေမင်းဆီမှာ ဆုတောင်းခဲ့ရ
လေနတ်သားကို အကူအညီတောင်းလို့လည်း
သူ့အနားကို လွင့်ပါးခဲ့ရ
သူ့ခြေဖ၀ါးအောက် ငါကျရောက်တော့
စမ်းချောင်းလေးထဲ ပစ်ချခံလိုက်ရ
ရေစီးလေးရယ် ထပ်ကူညီပါဦး
သူနဲ့ ဝေးရာဆီကိုပေါ့

Virgo
(p.s) Virgo နက္ခတ်မလေးရဲ့ ရင်တွင်းဖြစ်ပါ...သူမကဗျာတွေထဲမှာမှ
ကျွန်မအကြိုက်ဆုံး..လည်းဖြစ်ပါတယ်..

လွဲချော်မှု

တစ်ယောက်သောသူက ပျော်ရွှင်ချိန်
တစ်ယောက်(မက)သောသူက ငိုကြွေးနေရတယ်

သူရှင်သန်ဖို့ အစပျိုးချိန်
သူကြွေလွင့်ဖို့ နိဒါန်းဖြစ်လာတယ်

အချစ်ကြောင့် ကြည်နူးရချိန်
အချစ်ကြောင့် ကြေကွဲရတယ်

တဒင်္ဂဖြစ်သော ပျော်ရွှင်မှုကိုမက်မောနေချိန်
တဒင်္ဂမကကြာမြင့်မဲ့ ဝမ်းနည်းမှုကိုလက်ခံနေရတယ်

ပိုင်ဆိုင်မှုကို ရရှိချိန်မှာ
ဆုံးရှုံးမှုကို ခံစားရတယ်

လိုချင်တဲ့အရာကို ရယူနေချိန်မှာ
လိုချင်တဲ့အရာကို စွန့်လွှတ်ခဲ့ရတယ်

ကိုယ့်နောက်ကွယ်က မေတ္တာကိုသူသိချိန်မှာ
အရာရာဟာ နောက်ကျသွားမယ်............

လက်တစ်စုံ

မလာပါနဲ့လို့ မတားပါဘူး
လာစေချင်ခဲ့တာကိုး.....။
ငါ့ရဲ့လမင်းကိုတော့
တိမ်ဖုံးထားခွင့်ပြုပါ......။
ငါ့နှလုံးသားက
ခပ်ယိုင်ယိုင်လေးပါပဲ
အများကြီးချစ်ဖို့ မလိုပါဘူး
အချိန်ကြာကြာ ချစ်စေချင်တာ
ခွင့်လွှတ်မှုကို မလိုချင်ဘူး
နားလည်မှုကိုပဲ လိုချင်တာ
မျှော်လင့်ချက်ကိုတော့ မတူးဆွပါနဲ့
ငါးမျှားတာကို မုန်းလို့ပါ
မိုးက အငြိုးကြီးတယ်
ငါကရော......(ဟင့်အင်း)
တောင်ပံရှိရက်နဲ့
အပျံခက်တာတော့ ၀န်ခံပါတယ်.....။
ငါ တံခါးမခေါက်ချင်ဘူး
ဖွင့်တာကိုပဲ စောင့်နေတာ......။

Aries
(p.s) Aries ဆိုတဲ့နက္ခတ်မလေးရဲ့ကဗျာပါ...

Sunday, July 20, 2008


သွားပါတော့ ငှက်ငယ်ရယ်
မင်းသီကျူးမယ့် သီချင်းသံစဉ်တွေကိုလည်း နားမဆင်ချင်ပါဘူး

သွားပါတော့ ဆောင်းလေညှင်းရယ်
မင်းပေးမယ့်  အေးမြခြင်းတွေကိုလည်း ငါအလိုမရှိပါဘူး

သွားပါတော့ ပျားပိတုန်းလေးရယ်
မင်းရဲ့ရစ်ဝဲခြင်းကိုခံရဖို့ ၀တ်ရည်တွေမရှိသေးပါဘူး

သွားပါတော့ လိပ်ပြာငယ်ရယ်
မင်းလူးလာခေါက်ပြန် စိတ်ကြိုက်ခိုနားတဲ့ ပန်းတွေထဲမှာငါမပါဘူး

သွားပါတော့ ကောင်းကင်ပြာရယ်
မင်းပေးမယ့် လုံခြုံမှုကိုလည်းငါမမက်မောပါဘူး

သွားပါတော့
tulip ရယ်
မင်းရှင်သန်ပေါက်ဖွားရမယ့် နေရာဟာငါ့ဆီမှာမဟုတ်ဘူး

တောင်းပန်ပါတယ်...
အရာအားလုံး ငါ့ဆီကထွက်ခွာပြီးတဲ့နောက်
အခုချိန်မှာ တစ်ခုပဲအလိုရှိပါတယ်
အဲဒါက...
နွေးထွေးတဲ့အလင်းရောင်စဉ်တွေပေးမယ့် ရှင်နေမင်းကိုပေါ့


(p.s) တက္ကသိုလ်မှာ မေဂျာတူ Library သူငယ်ချင်း (၆)ယောက်နဲ့ ...စပြီးထုတ်ဖြစ်ခဲ့တဲ့“နက္ခတ်တို့ရဲ့ ဆုံမှတ်”
ဆိုတဲ့ကဗျာစာအုပ်လေးထဲကပါ..မှတ်မှတ်ရရ..ဒီကဗျာပါပြီး
နောက်ပိုင်း
သျှင်နေမင်း ဆိုတဲ့ အစ်ကိုကြီးတစ်ယောက်..ရောဂါထသွားကြောင်း

ပြန်သိရလို့..ဘယ်သူ့ကိုမှ..ရည်ရွယ်တာ မဟုတ်ကြောင်း ကြိုတင်ပြောပါရစေ.. :)